နေပြည်တော် ဧပြီ ၂၄
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေများ လက်ခံရယူခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးသည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်ရှိ ဈေးကုန်းကျောင်းတိုက်သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်ကျောင်းဆောင်အား ကြည့်ရှုခဲ့ကာ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား သွားရောက်၍ အားပေးစကားပြောကြားပြီး တစ်အိမ်ထောင်သုံးပစ္စည်းများ၊ ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ ထိုမှတစ်ဆင့် ကျည်တောင်ကန်ရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်ကျောင်းဆောင်အား လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမတွင် နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် စစ်တက္ကသိုလ်အမှတ်စဉ်(၄၂) ကျောင်းဆင်းအရာရှိများ၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၂၅၀)အား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗ)