ချမ်းအေးသာစံ ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ(၂၂)နေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိတ္ထီလာတောင်ကန် ပြန်လည်ပြုပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရမည်းသင်းခရိုင်အတွင်း ထိခိုက်ပျက်စီးခဲ့မှုနှင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုပြီး ငလျင်ဘေးဒဏ်သင့်ခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်စသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိတ္ထီလာတောင်ကန်သို့ရောက်ရှိပြီး တာဝန်ရှိသူများက မိတ္ထီလာတောင်ကန် ပြန်လည်ပြုပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ငလျင်၏သက်ရောက်မှုကြောင့် မိတ္ထီလာတောင် ကန်ကန်ပေါင် ထိခိုက်မှုအပေါ်စောင့်ကြည့်မှု၊ ပြန်လည်ပြုပြင်မြေဖို့ခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် လုပ်ငန်းများ အမြန်ဆုံးပြီးမြောက်ရေး အလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး၍ လိုက်လံကြည့်ရှုခဲ့သည်။
၎င်းနောက် မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းအုပ်စုရှိ နွေနှမ်းဧက(၁၀၀) စိုက်ခင်းသို့သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ လက်ဆည်ကန်ကျေးရွာရှိ ရန်ကြီးအောင် ကျောင်းတိုက်၊ ခေမာရာမရွှေဓူဝံကျောင်းသို့သွားရောက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အားဖူးမြော်ကာဩဝါဒများခံယူ၍ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် အစရှိသည့်လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။
၎င်းနောက် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးဝါးကုသမှုခံယူနေသူများနှင့် ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား တွေ့ဆုံ၍ အားပေးစကားများပြော ကြားပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီးနောက်ဆေးရုံအတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များကို အားပေးစကားများပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(ရမည်းသင်း)သို့ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်က အဆောက်အအုံများ၊ စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့မှုများ၊ ရုံးလုပ်ငန်းများလည်ပတ်နေမှုများ၊ ကျောင်းဖွင့်အမီ ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ်နောက်မကျစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေး အလေးထားကာအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ လိုက်လံကြည့်ရှုခဲ့သည်။
၎င်းနောက် ဝါတိုးရပ်ကွက်ရှိ သီလဝခန်းမသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကိုကြည့်ရှုပြီး အမြန်ဆုံးပြန်လည်ပြု ပြင်ရေးလုပ်ငန်းများဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ရန်အောင်မြင်ဘုရားသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် သာသနိက အဆောက်အအုံများ၊ ဘုရား၊ စေတီ၊ ပုထိုးများ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပျော်ဘွယ်မြို့နယ်၊ မင်းလမ်း(တောင်)ကျေးရွာရှိ သာသနာ့ဝေပုလ္လကျောင်းသို့ သွားရောက်ပြီး ဗဟိုသံဃဝန်ဆောင် ဆရာတော်ကြီးအား ဖူးမြော်၍ ငလျင်ဒဏ်သင့်ခံခဲ့ရသည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်း၊ ဆန်တော်အစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီးမန္တလေး ငလျင်ကြီးကြောင့် မြေသားကွဲအက်ခဲ့မှုနှင့် ရွေ့လျားခဲ့မှု၊ သာသနိကအဆောက် အအုံများ၊ စေတီ၊ ပုထိုးများ ထိခိုက်ပျက်စီးခဲ့မှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မတ် ၂၈ ရက် မွန်းလွဲပိုင်းက အင်အားရစ်(ချ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ရှားသွားမှုကြောင့် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဘေး၊ မိုင်တိုင်အမှတ် (၂၈၃/၄)အနီး မင်းလမ်းကျေးရွာအုပ်စု၊ မင်းလမ်း(တောင်) ကျေးရွာရှိ ဦးဌေးလွင် ပိုင်ဆိုင်သော မြေကွက်အတွင်း မြေသားအက်ကွဲကြောင်းဖြစ်ပေါ်ပြီး နှစ်ခြမ်းကွဲ သွားသောထန်းပင်အား သွားရောက်ကြည့်ရှုကာ တာဝန်ရှိသူများအား ပြယုဒ် အမှတ်အသားတစ်ခု အဖြစ်ထားရှိသွားနိုင်ရေး မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် ဝဏ္ဏကျော်ထင် အမေထိန်းခန်းမနေရာသို့ သွားရောက်ကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများက ခန်းမဆိုင်ရာ အချက်အလက်များ၊ ပြိုကျပျက်စီးခဲ့မှု၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ပြန် လည်တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပျော်ဘွယ်မြို့နယ်ရှိ ကမ္ဘောဇဘဏ် ၅ ထပ်အဆောက်အဦ ပြိုကျပျက်စီးခဲ့မှုနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်