ပုဇွန်တောင်မြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုဇွန်တောင်စျေးနှင့် အမှတ်(၃)ရပ်ကွက်တွင် မီးဘေးလုံခြုံရေးအသိပညာပေး ဆောင်ရွက်

ပုဇွန်တောင် ဧပြီ ၂၃

၂၀၂၅ခုနှစ် မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပုဇွန်တောင်စျေးနှင့် အမှတ်(၃)ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဇွန်တောင်စျေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်းဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး၊ ပုဇွန်တောင်စျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးသတိမူရေးဆော်ဩခြင်း၊ မီးလောင်ပါက မီးသတ်ဆေးဘူးဖြင့် လက်တွေ့အသုံးပြုနည်းအား သင်ကြားပေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ပြီး စျေးသူ/စျေးသားများ၊ စျေးကော်မတီအဖွဲ့ဝင်များ၊ စျေးတာဝန်ခံများအား ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကိုဆောင်ရွက်ထားရှိရန်၊ ဈေးအတွင်း၌ထားရှိသည့် မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန်မှာကြား၍ ဈေးအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ မီးသတ်ရေကန်များထားရှိမှုနှင့် စျေးအတွင်း မီးငြိမ်းသတ်ရန် ရေပိုက်ငုတ်များထားရှိမှုအားစစ်ဆေးပြီး မီးဘေးလုံခြုံရေး ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အလားတူ အမှတ်(၃)ရပ်ကွက်တွင်လည်း လူနေအိမ်ခြေများ မီးသုံးစွဲမှု စနစ်တကျရှိစေရေး၊ မီးဘေးလုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်