နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဧပြီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၏ ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တပ်မတော်သားများက ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးတောင်ဘက် အရပ်မျက်နှာအဝင်ပေါက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်‌နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများလိုက်ပါလျက် သပြေကုန်းဈေးအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဆက်လက်ထွက်ခွာခဲ့ရာ ဒက္ခိဏသီရိမြို့နယ် တုံဂပူရိဟော်တယ်အနီးရှိ ရေပေးဝေရေးမြောင်းမှ ရေသယ်ယာဉ်များဖြင့် ငလျင်ဘေးသင့်ပြည်သူများအတွက် သောက်သုံးရေသယ်ယူနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ထိခိုက်ပျက်စီးခဲ့သည့် ရေပေးဝေရေး ပိုက်လိုင်းများအား ပြန်လည်ပြုနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းပြည့်မှီစေရေးနှင့် အချိန်မီပြီးမြောက်စေရေး အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ တောင်ညိုကျေးရွာ၊ လုပ်ငန်းရှင် ဦးဘုန်းမြင့်အောင်၏ ပိုပို ဥစားကြက်ခြံအား ကြည့်ရှုရာ ယခင်ဥစားကြက် ၆၀၀၀ မွေးမြူထားရှိရာ ယခုတွင် ဥစားကြက်အကောင်ရေ ၂၅၀၀ တိုးမြှင့်မွေးမြူထားပြီး ဥစားကြက်အကောင်ရေ ၃၀၀၀ ကိုလည်း ထပ်မံမွေးမြူသွားမည်ဖြစ်ကြောင်း ဥစားကြက်ခြံတာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဥစားကြက်မွေးမြူထားရှိမှုများအပေါ် လိုအပ်သည်များမှာကြားပြီး နေပြည်တော်အတွင်းရှိ ကျန်ရှိသည့် မြို့နယ်များတွင်လည်း ယခုကဲ့သို့သော ဥစားကြက်မွေးမြူရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံများ တည်ဆောက်နိုင်ရေးအတွက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ယာထားမြေနေရာများအား မြေပြင်ကွင်းဆင်းတိုင်းတာခြင်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြေနေရာရှင်းလင်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံများ တည်ဆောက်ရာတွင် မိုးဒဏ်၊လေဒဏ်ခံနိုင်ရေး၊ ခိုင်ခံ့မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားတောင်ညိုလမ်း ပြန်လည်ပြုပြင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာကန်မြေထိန်းနံရံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အခြေအနေများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့အတွင်းရှိ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် မြို့မဈေးအား  ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးတို့ကို မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ရာ မိမိတို့နေထိုင်ရာမြို့များကို ယခင်အခြေအနေထက် ပိုမိုကောင်းမွန်စေရေးဟူသော စိတ်ဓာတ်ဖြင့် စုပေါင်းညီညာ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မင်္ဂလာကန်တော်ခန်းမ၊ ရှမ်းကန်ကန်ပတ်လမ်းနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့အား ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်နှင့် အဆောက်အအုံများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုအတွက် ပြုပြင်တည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)