ရန်ကုန် ဧပြီ ၂၃
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Air China ၊ Cargo လေယာဉ်သည် ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဋ္ဌမအကြိမ်မြောက် ထပ်မံရောက်ရှိလာခဲ့သည်။
အဆိုပါ Air China ၊ Cargo လေယာဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် ကျန်းမာရေးဆေးပစ္စည်းများ စုစုပေါင်း (၃၇၉၀၃)kg ပါရှိပြီး ရန်ကုန်မြို့သို့ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု၍ လက်ခံကြိုဆိုကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ နေပြည်တော်သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)