ကချင်ပြည်နယ်ဝန်ကြီးချုပ် မြေသားပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဧပြီ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် ကျေးရွာကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အဆိုပါ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေဧရိယာအတွင်း မြေနေရာကွက်သစ်များ ထုတ်ဖော်သတ်မှတ်၍ အားကစားသိပ္ပံအဝင်လမ်း၊ ကုန်တင်ယာဉ်ရပ်နားစခန်း ပတ်လမ်း၊ ဌာနဆိုင်ရာမြေနေရာ ပတ်လမ်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဌာနဆိုင်ရာမြေနေရာများအပြင် ကျန်ရှိသည့် ကွင်း အမှတ် ၂၈၂ ၊ မြေဧက ၃၄ ဧကပေါ်တွင် ကျေးရွာကွက်သစ်မြေနေရာအတွက် မြေပြင်အခြေအနေအား စက်ယန္တရားများဖြင့် ရှင်းလင်းပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေဧရိယာအတွင်း သတ်မှတ်လျာထားသည့် မြေနေရာများအား စနစ်တကျ၊ ပုံစံတကျ ထုတ်ဖော်သတ်မှတ်ပေးနိုင်ရေးနှင့် မူလရှိသည့် ရေဆင်းနေရာများတွင် စနစ်တကျ ရေနှုတ်မြောင်းတူးဖော် သတ်မှတ်ဆောင်ရွက်ပေးနိုင်ရေးနှင့် မြေပြင်အနိမ့်အမြင့်အနေအထားပေါ်မူတည်၍ ကြားလမ်းများပါ တစ်ပါတည်း ဖောက်လုပ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်ကြီး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မဟာပဋ္ဌာန်းကျမ်းမြတ် အဘိဓမ္မာဒေသနာ ရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၂ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ အဘိဓမ္မာ (၇)ကျမ်းမှာ အပါအဝင်ဖြစ်သည့် မဟာပဋ္ဌာန်းဒေသတော်သည် ထူးခြားနက်နဲပြီး ကောင်းကျိုးချမ်းသာ စီးပွားမင်္ဂလာအဖြာဖြာ တိုးတက်စေသည့်အပြင် မိမိတို့နိုင်ငံတစ်ဝန်း အေးချမ်းသာယာဝပြောစေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် သံဃာတော်များအား ဆွမ်း၊ ကွမ်းပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခြင်းအားဖြင့်လည်း သာသနာတော်ကို အားပေးချီးမြောက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဋ္ဌာန်းပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး တက်ရောက်လာသူအားလုံးက စေတနာသဒ္ဒါထက်သန်စွာဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့သည့် အခြေအနေများနှင့် ယခုနှစ်ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲအတွက် ဘဏ္ဍာငွေ ခွဲဝေလျာထားမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက (၇)ရက်တိုင်တိုင် ကျင်းပသွားမည့် ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အစီအမံများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရေးနှင့် ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကောင်းကျိုးအဖြာဖြာနှင့် ပြည့်စုံစေပြီး ယနေ့ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များ ကင်းစင်ပပျောက်စေရေးအတွက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)