နေပြည်တော် ဧပြီ ၂၂
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများ ပြန်လည်ပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဥတ္တသီရိမြို့နယ်ရှိ သံဝေဇနိယလေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက အင်အားပြင်မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီလေးဆူ၏ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဦးမြင့်စိုးက မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများအား ရှင်းလင်းဆောင်ရွက်ပြီး အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေး၊ ပျက်စီးသွားသည့် ရေပိုက်လိုင်းများပြင်ဆင်ပြီး အမြန်ဆုံးရေရရှိအောင် ဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့်ပျက်စီးနေသည့် ဘုရားပတ်လမ်းများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါသံဝေဇနိယလေးဌာနတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်ကြီးသို့ ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)