နေပြည်တော် ဧပြီ ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ အဆောက်အအုံများနှင့် ဈေးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့အတွင်းရှိ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ပျဉ်းမနားမြို့မဈေးအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ပြီးစီးရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့၊ ငွေတောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အဦများနှင့် ကျောင်းဆောင်အဆောက်အအုံများ ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းကျောင်းတိုက်သို့ ရောက်ရှိပြီး ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အဦများနှင့် ကျောင်းဆောင်အဆောက်အအုံများအား တပ်မတော်သားများက ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် တေဇစက္ကီကမ္မဌာန်းရိပ်သာကျောင်းသို့ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တဝိဇယ (မဟာကမ္မဌာနာစရိယ) အား ဖူးမြှော်ကြည်ညိုပြီး နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်စီးမှုအခြေအနေနှင့် အဆိုပါဘုန်းတော်ကြီးကျောင်းများတွင် တပ်မတော်သားများက ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)