ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သို့ တက်ရောက်အားပေးစကားပြောကြား

တောင်ကြီး ဧပြီ ၂၂

ကျောင်းသားလူငယ်များ လေကြောင်းဆိုင်ရာပညာရပ်များတွင် စိတ်ပါဝင်စားစေပြီး အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရေး၊ စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာနှင့် စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများရရှိစေရေး၊ လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ပါဝင်စားမှုပိုမိုတိုးပွားလာစေပြီး အနာဂတ်ကာလတွင် နိုင်ငံတော်အတွက် စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားရာ လေကြောင်းလူငယ်သင်တန်းကို တက်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနှံ့အပြား ဝါသနာတူ စိတ်ဓါတ်တူ ရည်မှန်းချက်တူညီကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်တွေ့ဆုံပြီး ချစ်ခင်ရင်းနှီးမှုများရရှိကာ အချင်းချင်းရိုင်းပင်းကူညီလိုစိတ်များ၊ အများအကျိုးသယ်ပိုးဆောင်ရွက်လိုစိတ်များ စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ကျောင်းပိတ်ရက်အတွင်း အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်လေကြောင်းလူငယ်များဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ခေတ်စနစ်နှင့်အညီ ရင်ပေါင်တန်းလိုက်နိုင်ရန်အတွက် တိုးတက်နေသော လေကြောင်းဆိုင်ရာပညာရပ်များကို မျက်ခြေမပြတ် ဆည်းပူးလေ့လာကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လေကြောင်းလူငယ်သင်တန်းအတွက် ချီးမြှင့်ငွေနှင့် အားကစားပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူပြီး လေကြောင်းလူငယ်သင်တန်းတွင် သင်ကြားပို့ချမည့် အစီအစဉ်များနှင့်ပတ်သက်၍ သင်တန်းနည်းပြအရာရှိတစ်ဦးက ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ယနေ့ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၃ ရက်နေ့ထိ ရက်သတ္တပတ် ၅ ပတ်ကြာ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ သင်တန်းစခန်းများတွင် ရက်သတ္တပတ် ၃ ပတ်၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့တွင် လေ့လာရေးခရီးစဉ်ရက်သတ္တပတ် ၂ ပတ်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)