မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသကေလာကျေးရွာအုပ်စုအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ညောင်ရွှေ ဧပြီ ၂၀

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသကေလာကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယမန်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့တွင်လည်း ကေလာကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ကံ့ကော်ဆောင်စနစ်တကျဖျက်သိမ်းခြင်း၊ ပြိုကျပျက်စီးသွားသည့် ကျေးရွာအတွင်းရှိ လူနေအိမ်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ယိုင်လဲသွားသည့် နေအိမ်များတည့်မတ်ခြင်း၊ ယာယီမိုးကာတဲများ ဆောက်လုပ်ခြင်းလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ကျွမ်းကျင်လက်သမားများနှင့် လုပ်အားဒါနရှင်များ၊ ဒေသခံပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ကေလာကျေးရွာအုပ်စုအတွင်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးအိမ် ၈၂၈ အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် ၄၉ အိမ်၊ စုစုပေါင်း ၈၇၇ အိမ်ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ