ရန်ကုန် ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ၏ နှစ်ဦးပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် လူငယ်စင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိအမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးဝန်ကြီးဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဝင်များနှင့် အလှူရှင်များတက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကာ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များချီးမြှင့်သည့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးဝန်ကြီးဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်လှစ်ရခြင်းနှင့် နှစ်သစ်ဦးပရိတ်တရားတော်နာယူပွဲကျင်းပရခြင်းနှင့်စပ်လျဥ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးဝန်ကြီးဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဝင်များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိပိဋကရွေးချယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)