စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းထောင်မှ အကျဉ်းသား(၆၃)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး

စဉ့်ကိုင် ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၁/၂၀၂၅) အရ ယမန်နေ့  မြန်မာ့နှစ်သစ်မင်္ဂလာအခါသမရ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်သိရှိစေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂)ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ ဘယ်လင်းအမှတ်(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၁)ဦးနှင့် ဘယ်လင်းအမှတ်(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၂)ဦး စုစုပေါင်းအကျဉ်းသား(၆၃)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က ရာဇဝတ်ကျင့်ထုံး စည်းကမ်းချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသားများကို ကုန်ထုတ်စခန်း (၁/၂) အကျဉ်းထောင် အစည်းအဝေးခန်းမ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ဘယ်လင်းအမှတ်(၁)ကုန်ထုတ်စခန်းမှ ဦးစီးအရာရှိ ဦးအောင်စိုးဝင်း (ခေတ္တထောင်ပိုင်ကြီး)၊ ဘယ်လင်းအမှတ်(၂) ကုန်ထုတ်စခန်းမှ ဦးစီးအရာရှိ ဦးဘိုမင်းထွန်း (ခေတ္တထောင်ပိုင်ကြီး) နှင့် တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးသည့် ရည်ရွယ်ချက်နှင့် မိမိတို့ရပ်ရွာ အကျိုးကိုအများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာဆက်လက်နေထိုင်ကြရေး ဆုံးမစကားများပြောကြားခဲ့ပြီး အကျဉ်းသား(၆၃)ဦးအား ခံဝန်လတ်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ်နှင့်စားစရိတ်တို့ကို ထုတ်ပေးကာ မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအကျဉ်းဦးစီးဌာန အစီအစဉ်ဖြင့်ရထား၊ ဘူတာနှင့်ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ