တာချီလိတ်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံစေတော်၌ ဆီမီးကိုးထောင်ထွန်းညှိပူဇော်

တာချီလိတ် ဧပြီ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ကြီး၌ ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ညတွင် ဆီမီးကိုးထောင်ကပ်လှူပူဇော်ခြင်းဖြင့် ဘုရားဖူးလာရောက်သူများနှင့် အထူးစည်ကားများပြားလျက်ရှိသည်။

အဆိုပါ ဆီမီးကိုးထောင်ထွန်းညှိပူဇော်ပွဲရာတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့မိမြို့ဖများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်နှင့် ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသနေတိုင်းရင်းသား ပြည်သူများက ငလျင်ဒဏ်သင့်သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဖုန်းမီးများဖွင့်ကာ နှစ်မိနစ်ကြာငြိမ်သက်၍ ဆုတောင်းမေတ္တာပို့သကြပြီး ဆီးမီးများထွန်းညှိပူဇော်ခြင်းနှင့် မီးပုံပျံလွှတ်တင်ခြင်းများ ဝိုင်းဝန်းကုသိုလ်ပြုဆောင်ရွက်ခဲ့သည်။

ထို့အတူ ဝတ်ရွတ်အသင်းများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်သူများက ရေ၊ ဆီမီး၊ ပန်းများကပ်လှူကာ ကုသိုလ်ပြုသူများဖြင့် အထူးစည်ကားများပြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)