တာချီလိတ်မြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

တာချီလိတ် ဧပြီ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာများတွင် ရှေးရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲများကို ကျင်းပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မယ်ဟုတ်ချောင်းနှင့် အောင်မြတ်ခန်းမတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအုပ်စု၊ မယ်ဟုတ်ချောင်းကမ်းတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အဘယဒါန၊ ဇီဝိတဒါနငါးလွှတ်ပွဲကို နံနက် ၆ နာရီခွဲတွင် ကျင်းပရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့မိမြို့ဖများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငါးသားပေါက်များအား မယ်ဟုတ်ချောင်းအတွင်းသို့ လွှတ်ပေးကာ အဘယဒါန၊ ဇီဝိတဒါနငါးလွှတ်ပွဲတွင် ငါးကြင်းရွှေဝါကောင်ရေ ၂၅ဝဝ ကောင်အား လွှတ်ပေးခဲ့ကြသည်။

ဆက်လက်၍ နံနက် ၈ နာရီတွင် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသုဓမ္မ (သာသနတက္ကသီလဓမ္မာစရိယ B.A Buddhism, M.A သီရိလင်္ကာထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြား၍ ပရိတ်တရားတော်များရွတ်ဖတ်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ အသက် (၈၅) နှစ်အထက် အဘိုးအဘွား ၈၅ ဦး တက်ရောက်ကာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများက အဘိုအဘိုးအဘွားများအား ရှိခိုးကန်တော့ကာ ဂါရဝပြုလက်ဆောင်များ ပေးအပ်ပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)