ချမ်းအေးသာစံ ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ(၁၆)ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော်ရှည်ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေမှုများ သွားရောက်ဖူးမြော်၍ ဩဝါဒများခံယူကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်ရှိ မိုးကောင်းတိုက်သို့လည်းကောင်း၊ ရွှေဂူတိုက်သို့လည်းကောင်း၊ အနောက်ခင်မကန်တိုက်သို့လည်းကောင်း၊ ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ စလင်းဝိဘဇ္ဇဝါဒီစာသင်တိုက်သို့လည်းကောင်း၊ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်သို့လည်းကောင်း သွားရောက်ပြီး နာယကဆရာတော်များ၊ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်၍ မန္တလေးငလျင်ကြီးကြောင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြိုကျပျက်စီးပြီး အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးများကို စနစ်တကျဖယ်ရှားရှင်းလင်းမှုများ၊ ပြုပြင်ရမည့်အဆောက်အဦများကို အမြန်ဆုံးဆောင်ရွက်မည့် စီအစဉ်များနှင့် ပတ်သက်၍ ဩဝါဒများခံယူကာ မိန့်ကြားမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆရာတော်၊ သံဃာတော်များ ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် ဆွမ်းဆန်တော်စသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်တော်ဆုတောင်းပြည့်မြတ်စွာဘုရား ရင်ပြင်တော်တွင် ကျင်းပသည့်(၄၂)ကြိမ်မြောက် အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရအမှူးပြုသော ဆရာတော်၊ သံဃာတော်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများကဖူးမြော်၍ ပါမောက္ခချုပ်ဆရာတော်ထံက ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့်အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီးနောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ အနုမောဒနာဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေပေးခြင်း၊ နတ်ဗြဟ္မာများ ပြန်လည်ပို့ဆောင်ခြင်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်ခဲ့သည်။
ဆက်လက်၍ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သို့ သွားရောက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဌာဘိဝံသအားဖူးမြော်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၅) ရက်၊ နှစ် ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်) မြန်မာနှစ်သစ်ကူးအခါသမယတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဘေးဥပါဒ်အန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေရန်နှင့် ကောင်းကျိုးချမ်းသာ ကောင်းခြင်းမင်္ဂလာများ ဖြစ်ပေါ်လာစေခြင်းအကျိုးငှာ မြန်မာနှစ်ဆန်း(၁)ရက်နေ့ မွန်းလွဲ ၁ နာရီ၌ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်အတွင်း မော်တော်ယာဉ်များဖြင့် ရတနာ့သုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သွားမည့် ကိစ္စများနှင့် ပတ်သက်၍ ဩဝါဒများခံယူကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်