ချမ်းအေးသာစံ ဧပြီ ၁၈
၂၀၂၅ ခုနှစ်မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျံလွန်တော်မူခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် ရည်စူး၍ပရိတ်တရားနာအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၈၅လမ်း၊ ၃၄×၃၅လမ်းကြားရှိ ပရိယတ္တိသာသနာဟိတအသင်းတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသ အမှူးပြုသည့် ပင့်သံဃာ(၅၀၀)ပါး၊ သီလရှင်(၅၀)ပါးနှင့် ရန်ကုန်မြို့မှ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ခေါင်းဆောင် ဦးကျော်ခင်နှင့် အဖွဲ့ဝင်များ တရားနာပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ကြီးမှ ကြွရောက်လာကြသော တရားနာပရိတ်သတ်များအား ငါးပါးသီလပေး၍ ငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူသွားသော စာဖြေသံဃာတော်များအားရည်စူး၍ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ရေစက်ချအမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော်များအား လှူဖွယ်ပစ္စည်းများကို စုပေါင်းလောင်းလှူခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်