ဟိုပုံးမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကျင်းပ

ဟိုပုံး   ဧပြီ   ၁၇

မြန်မာသက္ကရာဇ်အရ နှစ်သစ်တစ်နှစ်ဆီသို့ ကူးပြောင်းရောက်ရှိသည့် နှစ်သစ်ဆန်းစ နှစ်ဆန်း ၁ ရက် အခါသမယသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အစဉ်အလာရိုးရာဓလေ့အားဖြင့် စီးပွားဥစ္စာရှာ ဖွေခြင်းမပြုဘဲ နှစ်သစ်ကို ကုသိုလ်ကောင်းမှုတို့ဖြင့်အစပြု၍ မင်္ဂလာရှိစွာ စတင်ကြခြင်း နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာဗိမာန်၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ သည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဟိုပုံးမြို့ပေါ်ရပ်ကွက် ၆ ခုအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား  မြို့ဦးကွက်သစ်ရပ်ကွက်မှ ၉၊ မြို့ဦးရပ်ကွက်မှ ၂၁၊ တုံခမ်းရပ်ကွက်မှ ၂၊ အနောက်ရပ်ကွက်မှ ၁၀၊ အရှေ့ရပ်ကွက်မှ ၂၊ တောင်ရပ်ကွက်မှ ၃၄၊ စုစုပေါင်းသက်ကြီးဘိုဘွား ၇၈ တို့အတွက် တစ်ဦးလျှင် ပူဇော်ကန်တော့ငွေ ၈၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၂ ဒဿမ ၄) သိန်းအား သက်ကြီးဘိုးဘွားများလက်ဝယ်သို့ အသီးသီးပူဇော်ကန်တော့ခဲ့ပြီး တက်ရောက်လာသည့် သက်ကြီးဘိုးဘွားများကိုယ်စား သက်ကြီးဘိုးဘွားတစ်ဦးက ဆုတောင်းမေတ္တာပို့သစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)