နမ့်စန်တွင် (၈၅)နှစ်အထက် မြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကျင်းပ

နမ့်စန်(တ)       ဧပြီ   ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၂)ကြိမ် မြောက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို နှစ်ဆန်း တစ်ရက် နေ့ ယနေ့ နေ့လယ် ၁နာရီက မြို့လယ်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြ သူများက သက်ကြီးဘိုးဘွားများကို ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ကျော်ဝင်းနှင့် ဇနီး ဒေါက်တာနှင်းလဲ့ရည် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း နှင့် ဇနီး ဒေါ်ဒေါ်လဲ့လဲ့အောင် တို့က ဘိုးဘွား များကို လှူဒါန်း ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ က ဘိုးဘွားများကို လှူဒါန်းငွေများ၊ လှူဒါန်းပစ္စည်းများ၊  အချိုရည်၊ ရေသန့် နှင့် ဆေးဝါးများ (စုစုပေါင်းတန်ဖိုး ၃၆သိန်းကျပ်ခန့်)ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပြီး ဘိုးဘွားများကိုယ်စား သက်ကြီးအဘိုးတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အသက်(၈၅)နှစ်အထက် ကန်တော့ခံ  ဘိုးဘွား စုစုပေါင်း(၄၈)ဦးတွင် (၁၀)ဦး တက်ရောက် ပူဇော် ကန်တော့ခံခဲ့ပြီး မတက်ရောက်နိုင်သော သက်ကြီးဘိုးဘွားများကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က အိမ်တိုင်ယာရောက် လိုက်လံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)