မက်မန်းမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့်သက်ကြီး ဘိုးဘွားများပူဇော်ကန်တော့ခြင်းအခမ်းအနားကျင်းပ

မက်မန်း   ဧပြီ  ၁၇

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့်သက်ကြီး ဘိုးဘွားများ ပူဇော်ကန်တော့ခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ နံနက် ၆ နာရီအချိန်တွင် အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မက်မန်းမြို့ ပညာဒီပကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောဓိကဓဇ ဘဒ္ဒန္ဒစန္ဒသီရီ နှင့် ဆရာတော်သံဃာတော်(၄)ပါးတို့ကို အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမဝါများရွတ်ဖတ်ခြင်းကို နာယူကြည်ညိုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်ဝန်ထမ်းများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး နံနက် ၉ နာရီအချိန်တွင် မက်မန်းမြို့ အမှတ် (၁)၊ အမှတ် (၂)နှင့် ကွန်ဟောင်း ကျေးရွာရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွား(၂၀) ဦးအား အာဟာရများကျွေးမွေးခဲ့ကာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက သက်ကြီးပူဇော်ပွဲပြုလုပ်ရခြင်းနှင့်ပက်သက်၍ ရှင်းလင်း ပြောကြားကာ အသက်(၆၅)နှစ်အထက် ဘိုးဘွား(၂၀) ဦးအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများလှူဒါန်း၍ ပူဇော်ကန်တော့ ခဲ့ကြသည်။ ထို့နောက် အမှတ်(၁)ရပ်ကွက်မှ ဦးလိုင်းဆိုင်နှင့် ကွန်ဟောင်းကျေးရွာမှ ဦးလောတားတို့ က ကျေးဇူးတင် ဆုတောင်းစကားပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွား(၂၀)ဦးတို့ကို ခြေသဲ၊ လက်သဲများ သန့်စင်ပေးကာ ကျန်းမာရေးဦးစီးဌာနမှ ဘိုးဘွားများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)