အင်းလေးဒေသအတွင်း မန္တလေးငလျင်ကြီး ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ညောင်ရွှေ ဧပြီ ၁၃

မတ်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ် ပြင်းထန်စွာ ခံစားခဲ့ရပြီး ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များနှင့် ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ဧပြီ(၁၂)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ နောင်ကန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က နောင်ကန်ဘုန်း တော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းရင်းသားရေးရာဝန်ကြီးက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အလှူငွေနှင့်ပစ္စည်းများကိုပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။

ယနေ့အခမ်းအနားအတွင် အင်းလေးဒေသနန်းပန်မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့ရှိ ပြိုကျပျက်စီးသွားသော နေအိမ်(၄၃၀)လုံးအတွက် အလှူငွေပေါင်း (၃၀၁၀)သိန်းနှင့် အင်းပေါခုန်ကျေးရွာအုပ်စုအတွင်း ပြိုကျပျက်စီးသွားသော နေအိမ်(၆၅)လုံးအတွက် အလှုငွေပေါင်း(၄၅၅)သိန်း ပေးအပ်လှူဒါန်းခဲ့ပြီး စုစုပေါင်း ပြိုကျပျက်စီးသွားသည့် နေအိမ်(၄၉၅) အိမ်အတွက် အလှူငွေစုစုပေါင်း စုစုပေါင်း (၃၄၆၅)သိန်းအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)