နေပြည်တော် ဧပြီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းတွင် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးအနေဖြင့် နှစ်အလိုက်ဈေးနှုန်းအရ ကျပ်(၃၇၂၆.၁၂၄)ဘီလီယံရရှိရန်၊ ပုံမှန်ဈေးနှုန်းအရ (၃.၉)ရာခိုင်နှုန်းတိုးတက်ရန်နှင့် လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို ကျပ် (၃,၂၉၉,၃၇၁) ဖြစ်ပေါ်ရန် ရည်မှန်းထားပါကြောင်း၊ နိုင်ငံပိုင်အခန်းမှ ကျပ်(၆၀.၀၈၄)ဘီလီယံ ပမာဏရှိသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းကိုပြုစုရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝတိုးတက်ရန်နှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြုစုထားခြင်းဖြစ်သဖြင့် ကာလအလိုက်ရည်မှန်းချက်များအတိုင်း ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး အကျိုးရလဒ်များကို ပြည်သူများ အပြည့်အဝခံစားရရှိလာစေရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ကွပ်ကဲကြပ်မတ်သူများက ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ပူးပေါင်းပြီး စီမံကိန်းများအောင်မြင်အောင် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုကဏ္ဍများ တိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းစီမံကိန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် စီမံကိန်းအသုံးစရိတ်များ စနစ်တကျထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်စီမံကိန်းဦးစီးရုံး၊ ညွှန်ကြားရေးမှူး ဦးဝင်းကိုက ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များမှ လယ်ယာကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနသို့လည်းကောင်း၊ အခြားကဏ္ဍကြီးများနှင့် ခရိုင်အလိုက် စီမံကိန်းရည်မှန်းချက်များကို နေပြည်တော်ကောင်စီဝင်များကလည်းကောင်း အသီးသီးတာဝန်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဆည်ရေသောက်စနစ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် တူးမြောင်းများအား အမြန်ဆုံးပြန်လည်ပြုပြင်ပြီး အပိုင်းအလိုက် စိုက်ပျိုးရေအမြန်ဆုံးပေးဝေနိုင်ရေး၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ပျိုးပင်များ ပျက်စီးမှုများအတွက် အမြန်ဆုံး ပြန်လည်ဖာထေးပေးနိုင်ရေး၊ အထွက်နှုန်းလျော့ကျမှု မရှိစေရေး၊ စိုက်ပျိုးပြီးဖြစ်သည့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေး၊ လယ်ကွင်းများအတွင်း စိုက်ပျိုးရေ အမြန်ဆုံးပြန်လည်ရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇသင်္ဂဟလမ်းနှင့် တော်ဝင်ရတနာလမ်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၊ ရေသန့်စင်စက်ရုံ အမှတ်(၁) ရှိ မြို့ရေပေးဝေရေး ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့်အတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး ဝန်ထမ်းများအတွက် လူမှုကူညီထောက်ပံ့ငွေများနှင့် ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ဆန်များဖြန့်ဝေပေးအပ်ခဲ့သည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် မြို့တော်ခန်းမအဆောက်အဦ အတွင်း၊ အပြင် ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်အောင်မြင်ဆည်ပြုပြင်ဆောင်ရွက်နေမှုနှင့် တာဘောင်ကြံ့ခိုင်မှု စမ်းသပ်ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်၊ ပေါက်တောကျေးရွာ ညိုပင်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
မျိုးသီဟ (ပြန်/ဆက်)