ယူအေအီးနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

ရန်ကုန် ဧပြီ ၁၁

မြန်မာနိုင်ငံတွင် မတ်​လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Aerostan လေကြောင်းလိုင်းမှ လေယာဉ်သည် ယမန်နေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့် ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း(၆၅)ထုပ်၊ (၂၄၈၆၀)kgကို တင်ဆောင်၍ ရောက်ရှိလာသည်။

ဆက်လက်ပြီးယနေ့မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင်ယူအေအီးနိုင်ငံ၊UAE Air ForceမှCargo Flight (ကယ်ဆယ်ရေးပစ္စည်း)တင်ဆောင်လာသည့် လေယာဉ်သည် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့် ဒေသများအတွက် လှူဒါန်းသည့် အစားအစာများနှင့် ယာယီတဲများစုစုပေါင်း (၃၆)ထုပ်၊ (၃၃၅၈၂)kg တင်ဆောင်၍ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများအား လိုက်လံကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီး ယူအေအီးနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့အား တွေ့ဆုံနှုတ်ဆက်၍ ကူညီမှုများအပေါ် ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ယင်းသို့ရောက်ရှိလာသည့်ပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သာများက သက်ဆိုင်ရာမော်တော်ယာဉ်များ ပေါ်သို့တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဇွဲထက်ကို(ပြန်/ဆက်)