မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုများ၊ လောကသရဖူဘုရားနှင့်မယ်နုအုတ်ကျောင်းတော်ကြီးတို့၏ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗိသုကာပညာရှင် ဦးဝင်းဇော်နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင်၊ အမရပူရမြို့နယ်၊ အင်းဝရှေးဟောင်းသုတေသနနယ်မြေရှိ လောကသရဖူဘုရားဘုရားကြီး၊ မယ်နုအုတ်ကျောင်းတော်ကြီးနှင့် ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကသရဖူဘုရားစေတီတော်ကြီးသို့ရောက်ကာ လောကသရဖူဘုရားကြီးအားဖူးမြော်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ငလျင်ဒဏ်ကြောင့် အင်းဝရှေးဟောင်းသုတေသနယ်မြေအတွင်း ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)မှ ဖွဲ့စည်းတာဝန်ပေးထားသည့် အင်ဂျင်နီယာအဖွဲ့နှင့် မန္တလေးဌာနခွဲတို့မှ ဝန်ထမ်းများပူးပေါင်း၍ ပျက်စီးစာရင်းများကောက်ယူခဲ့ပါကြောင်း၊   ရှေးဟောင်းအဆောက်အအုံ ၉၆၀ လုံး၊ ရုံးအဆောက်အဦ ၁ လုံး၊ ဘုရား၊ စေတီ၊ ပုထိုး ၅၅၉ ခု၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ရေကန် ၂ ကန်၊ သိမ် ၇ ခု၊ အခြား ရုံးအဆောက်အဦအပါအဝင် ၂၉ခုတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုများတွင် လောကသရဖူဘုရားကြီးနှင့် မယ်နုအုတ်ကျောင်းတော်ကြီးလည်းထိခိုက်ပျက်စီးခဲ့ပြီး လတ်တလော သဲ၊ ခဲများကို ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်နေပါကြောင်း၊ ရေရှည်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ စီမံချက်များရေးဆွဲပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပျက်စီးမှုများနှင့် အန္တရာယ်ရှိအဆောက်အအုံများ၊ အဆောက်အဦများကို ဖယ်ရှားရှင်းလင်းရာတွင် မှတ်တမ်းမှတ်ရာများထားရှိ၍ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရေးကို အလေးထားဆောင်ရွက်သွားရန်၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီတင်ပြသွားရန်တို့ကိုမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လောကသရဖူစေတီတော်ကြီးနှင့် တန်ချိန် ၄၉၀ ဒသမ ၃၆ တန်ရှိ တစ်တုံးတည်းသော စကျင်ကျောက်သားကြီးကို မြေအောက်တစ်ဝက်မြေပေါ်တစ်ဝက် စိုက်ထူထုဆစ် ပူဇော်ထားသည့် ဉာဏ်တော်အမြင့် ၁၈ တောင် နှင့် ၁ မိုက်၊ တင်ပျဉ်ခွေတော် အကျယ် ၁၂ တောင် ၁မိုက်ရှိ လောကသရဖူ ရုပ်ပွားတော်ကြီး တို့ထိခိုက်ပျက်စီးမှုနှင့် အုတ်ပြာသာဒ်တော်ပြိုကျပျက်စီးခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းမတော်မယ်နု အုတ်ကျောင်းတော်ကြီးသို့သွားရောက်ပြီး ထိခိုက်ပျက်စီးပြိုကျမှုအခြေအနေများကိုလည်းကောင်း၊ သမိုင်းဝင်မဟာရွှေသာ‌‌လျောင်း(ပေါင်းလဲကြီး) ဘုရားသို့ သွားရောက်ပြီး အနုရုဒ္ဓါမဟာပတိဘွဲ့ခံ ဥဇနာမင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် နှစ်ပေါင်း ၇၀၂ နှစ်ရှိ မဟာရွှေသာလျောင်း(ပေါင်းလဲကြီး)ဘုရားနှင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့မှုအခြေအနေများကိုလည်းကောင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်