မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ ဧပြီ ၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ဧရာဝတီတံတား(ရတနာပုံ)တံတားပေါ်နှင့် ချဉ်းကပ်လမ်းများ၌ ထိခိုက်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့မှု၊ တံတားကြံ့ခိုင်မှု၊ တံတားပေါ်ဖြတ်သန်းသွားလာနေမှုအခြေအနေများ၊ အန္တရာယ်ရှိအဆောက်အဦအား ဝန်ချီစက်ယန္တရားယာဉ်ကြီးအသုံးပြု၍ ဖြိုချဖယ်ရှားရှင်းလင်းရန်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၀လမ်း နှင့် ၇၁လမ်းကြားရှိ အန္တရာယ်ရှိ အဆောက်အဦအား ဖြိုချဖယ်ရှားရှင်းလင်းရန် ပြင်ဆင်ဆောင်ရွက်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတံတား(ရတနာပုံ)သို့သွားရောက်ပြီး တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့မှုနှင့် တံတားရေရှည်ကြံ့ခိုင်ရေးအတွက် လုပ်ငန်းအစီအမံများဖြင့်ဆောင်ရွက်နေမှု၊ နေ့စဉ်တံတားပေါ်မှသွားလာဖြတ်သန်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရီးသွားပြည်သူများသွားလာမှုအခက်အခဲမဖြစ်ပေါ်စေရေးနှင့် တံတားရေရှည်ကြံ့ခိုင်ရေးအတွက်အကောင်းဆုံးနည်းလမ်းဖြင့် စနစ်တကျစီမံကွပ်ကဲ၍လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် အလေးထားကာကြပ်မတ်ဆောင်ရွက်သွားရေးတို့ကိုမှာကြားပြီး တံတားရေရှည်ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမရပူရမြို့နယ်ရှိသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့်မြတ်စွာဘုရားနှင့် ရွှေကြက်ကျဆုတောင်ပြည့်မြတ်စွာဘုရားများသို့ သွားရောက်ဖူးမြော်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများက အဆိုပါဘုရားနှစ်ဆူရှိ စေတီတော်ကြီးနှင့် အရံစေတီတော်များ၊ ရုပ်ပွားတော်မြတ်များနှင့် သာသနိကအဆောက်အအုံများ  ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများမဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲ နှင့်ဆောင်ရွက်ပြီးလုပ်ငန်းများအား ဓာတ်ပုံမှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျပြုစုထားရှိရေးနှင့်ပြန်လည်ပြုပြင်ခြင်းများကို အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ သဘာဝဘေးငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရန်၊ ကုန်စည်စီးဆင်းမှုများပုံမှန်လည်ပတ်နိုင်စေရန် မန္တလေး(ရွှေကြက်ယက်)ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းတို့အကြား ကုန်တင်ကားကြီးများ မြစ်ကူးပို့ဆောင်ခြင်းကို ပုဂ္ဂလိကပိုင်ရေယာဉ်၊ တွဲရေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနေမှုများကို ကြည့်ရှုစစ် ဆေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရခရိုင်အတွင်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေဆိုးစုပ်ထုတ်စက်ရုံအမှတ်(၂) (ရွှေခဲ)နေရာသို့ရောက်ရှိပြီးငလျင်ဒဏ်ကြောင့် မြို့ပတ်လမ်း(ကမ်းနားလမ်း)၊ အမရပူရမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် တာဘောင်အခြေအနေ၊ လမ်းပိုင်းပျက်စီးမှုနှင့် ပြင်ဆင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လမ်းအသုံးပြုသူများအခက်အခဲမရှိစေရေးချောမွေ့စွာသွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်