ပုဇွန်တောင်မြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပုဇွန်တောင် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ သဟပုညကာရီဓမ္မာရုံတွင် သဟပုညကာရီဓမ္မာရုံအကျိုးဆောင်အဖွဲ့နှင့် ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်းတို့ စီစဉ်ကျင်းပသည့် ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် နာရီက အဆိုပါ သဟပုညကာရီဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို  နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အမှာစကားပြောကြားရာတွင် သင်တန်းမှ ပို့ချမည့်သင်ခန်းစာများကို လေ့လာ မှတ်သားပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများကို ဆက်လက်ထိန်းသိမ်းကာ မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များဖြစ်လာစေရန်အတွက် သင်ကြားစေလိုကြောင်း၊ ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို သင်တန်းသားများအနေဖြင့် စနစ်တကျလေ့လာသင်ယူပြီး အမျိုးဘာသာ၊ သာသနာကြီးပွားတိုးတက်ရေးနှင့်ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးနိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်မှန်းပြီး ကြိုးစားသင်ယူလေ့လာဆည်းပူးကြစေလိုကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ ဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးလှမျိုးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့ဝင်များမှ သင်တန်းသား/သင်တန်းသူလေးများအား အာဟာရမုန့်များ‌နှင့် ရေသန့်များ ပေးဝေခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ ဓမ္မ ရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ယင်း သင်တန်းတွင် သင်တန်းသား(၅၀)ဦးအား မတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ စုစုပေါင်း (၇)ရက် ဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်းမှ ဆရာ/ဆရာမများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်