မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်

ပြည်ကြီးတံခွန် မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသူ/သားများ၊ လူငယ်/ရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းဖြင့် ပန်းချီပညာကို ရေးဆွဲနိုင်စေရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းချီသင်တန်းကို ဆက်လက်ပို့ချရာ အောင်မြေသာစံ မြို့နယ်မှ ပန်းချီဆရာဖိုးချစ်က အခြေခံပန်းချီရေးဆွဲနည်း ပညာရပ်ကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ရှိ ကျောင်းသား/သူ (၁၇) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စောလွင် (ပြန်/ဆက်)