မူဆယ် မတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မူဆယ်ခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား မဟာင်္ကြန် (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၃ နာရီအချိန်က ပြည်ထောင်စုအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများနှင့် နွေရာသီ သင်တန်းသား/သင်တန်းသူများက ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌအား အလေးပြုခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကတော့ မူဆယ်ခရိုင်အတွင်း ဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ် အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာပြီး ကြံ့ခိုင်သောလူငယ်များအဖြစ် မူဆယ်ခရိုင်၏ အားကစား ကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေလိုတဲ့အတွက်ကြောင့် ယခုလိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများမှ အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများနှင့် သင်တန်းသား/သင်တန်းသူများကို လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် နွေရာသီသင်တန်းများတွင် သင်တန်းပို့ချပေးသည့် သင်တန်းဆရာများအား တာဝန်ရှိသူအသီးသီးမှ အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခဲ့သည်။ နွေရာသီသင်တန်းများတွင် ဘောလုံးအားကစားနည်း၊ ကြက်တောင်အားကစားနည်း၊ Fitness Dance အက၊ အေရိုးဗစ် အကများကို သင်တန်းနည်းပြဆရာများမှ ပို့ချပေးခဲ့ကြကြောင်းနှင့် Fitness Dance အက၊ အေရိုးဗစ် အကနှင့် Porate တောင်အမေရိကရိုးရာ အကအဖွဲ့များမှ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ယနေ့ ဘောလုံးပြိုင်ပွဲတွင် Golden Feets နှင့် Galaxy အသင်းတို့မှ ယှဉ်ပြိုင်ကစားသွားကြပြီး ၂၀၂၅ ခုနှစ်၊ မူဆယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မဟာသင်္ကြန် (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၆) သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)