ရန်ကုန် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်းလျားရိပ်သာလမ်းရှိ အင်းလျားကန်ရေပိုလွှဲသို့ သွားရောက်၍ အင်းလျားကန်ရေမျက်နှာပြင် တိုင်းတာထားရှိမှုနှင့် ရေကျော်ပေါက်များ အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး ကန်ရေမျက်နှာပြင် အမှတ်အသားများ မြင်သာထင်ရှားစွာ ဆောင်ရွက်ထားရှိရန် ကန်ရေပြင်အတွင်းရှိ နုန်းများဆယ်ယူရှင်းလင်းရန်၊ အင်းလျားကန်အတွင်းရေများအား သုံးရေအဖြစ်ပေးဝေအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။
အင်းလျားကန်သည် ကန်ရေပြင်အကျယ်အဝန်း ၉၆၀ ဧကရှိ၍ ကန်ရေပြည့်အမှတ် ပင်လယ်ရေမျက်နှာပြင်အထက် ၄၈ ပေ ရှိသဖြင့် ရေပြည့်အမှတ်မရောက်မီကန်တော်ကြီးသို့ ၃၀ လက်မပိုက်ဖြင့် ပေးပို့ခြင်း၊ ရေပိုလွှဲမှတစ်ဆင့် ရေပေါက်ကြည်ချောင်းသို့ ဖောက်ထုတ်ခြင်းတို့ဖြင့် ရေကြီးရေလျှံမှုမဖြစ်စေရန် ကန်ရေအားထိန်းညှိဆောင်ရွက်လျက်ရှိသည်။
အောင်မြင့် (ပြန်/ဆက်)