ဇေယျာသီရိမြို့နယ်၌ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ဇေယျာသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်အဆင့် အလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးရဲသူရခင်စိုးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်က ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဇေယျာသီရိမြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးရဲလှိုင်ဝင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစံမင်းအောင်တို့က သင်တန်းသားများလိုက်နာရန် စည်းကမ်းချက်နှင့် သင်တန်းအစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ၂၇၀ ဦးကို သင်တန်းနည်းပြ ၁၈ ဦးဖြင့်လည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ၄၇၀ ဦးကို သင်တန်းနည်းပြ ၃၂ ဦးဖြင့်လည်းကောင်း စုစုပေါင်း လေးရက်ကြာဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)