တန့်ယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

တန့်ယန်း မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းအား  အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့် သင်တန်းဖွင့်ပွဲတွင် ခရိုင်ပညာရေးမှူး ဦးကြည်လွင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာကလည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မွန်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းကလည်းကောင်း  သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကြသည်။

သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းပြ (၆၉) ဦး၊ အလယ်တန်းပြ (၁၇၂) ဦး၊ မူလတန်းပြ (၄၃၃) ဦး၊ စုစုပေါင်း ဆရာ၊ ဆရာမ (၆၇၄) ဦး တက်ရောက်ကြပြီး သင်တန်းကို (၄) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)