မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူတွေ့ဆုံပွဲကျင်းပ

မှော်ဘီ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြန်မာ့ဆန်စပါးသုတေသန ဌာနခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌဦးခင်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာ့ဆန်စပါးသုတေသနဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာချိုချိုရီမှ ဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခြင်း၊ ရွှေဇာခြည်ဘိုကလေးကုမ္ပဏီမှဦးသောင်းဝင်းက စိုက်ပျိုးထုတ်လုပ်မှုအကြောင်းရှင်းလင်းပြောကြားခြင်း၊ နယူးအေးရှားကုမ္ပဏီလီမိတက်မှ ဦးစိုးလင်းထွန်းကမျိုးစေ့အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တောင်သူများ၏တင်ပြလာသောအခက်အခဲများကို မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အကြံပေးဒေါက်တာမင်းအောင်နှင့်အကြံပေးဦးသက်ဇင်မောင်တို့က အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ သုတေသနဆောင်ရွက်ချက်များနှင့် မျိုးစေ့ထုတ်စိုက်ခင်းများကို တာဝန်ရှိသူများနှင့်တောင်သူများကွင်းဆင်းလေ့လာခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ မှော်ဘီ၊ ထန်းတပင်၊ တိုက်ကြီး၊ လှည်းကူးမြို့နယ်များမှ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)