ရန်ကုန် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း အသိပညာပေးခြင်းလုပ်ငန်းများနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က တညင်းကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် မြို့ပေါ်ရှိရပ်ကွက်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေးတို့အတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ နေအိမ်များအတွင်း လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်သွားကြရန်၊ နေအိမ်အတွင်းမီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိရန်နှင့် မီးသတ်ဆေးဘူးထားရှိရန်၊ မီးကိုအသုံးပြုပြီးပါကလည်း စနစ်တကျငြှိမ်းသတ်ထားရှိကြရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ရပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်တို့ကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဆွေးနွေးကာ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)