မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူတွေ့ဆုံပွဲကျင်းပ

မှော်ဘီ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက စိုက်ပျိုးရေးသုတေသနရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးခင်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာ့ဆန်စပါးသုတေသနဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုချိုရီမှ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ ရွှေဇာခြည်ဘိုကလေးကုမ္ပဏီမှ ဦးသောင်းဝင်းက စိုက်ပျိုးထုတ်လုပ်မှုအကြောင်း ရှင်းလင်းပြောကြားခြင်း၊ နယူးအေးရှားကုမ္ပဏီလီမိတက်မှ ဦးစိုးလင်းထွန်းက မျိုးစေ့အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တောင်သူများ၏ တင်ပြလာသော အခက်အခဲများကို မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အကြံပေးဒေါက်တာမင်းအောင်နှင့် အကြံပေးဦးသက်ဇင်မောင်တို့က အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သုတေသနဆောင်ရွက်ချက်များနှင့် မျိုးစေ့ထုတ်စိုက်ခင်းများကို တာဝန်ရှိသူများနှင့် တောင်သူများ ကွင်းဆင်းလေ့လာခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ မှော်ဘီ၊ ထန်းတပင်၊ တိုက်ကြီး၊ လှည်းကူးမြို့နယ်များမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်