လှည်းကူး ဒီဇင်ဘာ ၈
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက လူစည် ကားရာနေရာဖြစ်သော ဈေး၊ ကားဂိတ်နှင့် ဆိုက်ကားဂိတ်နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ကို စတင်သတ်မှတ်ခဲ့ချိန်မှစ၍ တိုင်းရင်းသားပြည်သူအားလုံး၏ နှလုံးသည်း ပွတ်တွင် အမျိုးသားရေးစိတ်ဓာတ် အစဉ်ကိန်းအောင်နေခြင်းမှာ နှစ်စဉ်နှစ်တိုင်း နိုင်ငံနှင့်အဝန်း အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ် ဒီဇင်ဘာ(၉)ရက်နေ့တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာခဲ့ကြရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင် နှစ်တစ်ရာ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့အခမဲ့ဖြန့်ဝေပေးရာတွင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန်းခွန်းမှကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့အဖြစ် စတင်ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့သန္နိဌာန်၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေစသည့် အချက်များပါဝင်သော အမျိုးသားအောင်ပွဲနေ့ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ ဖတ်ရှု လေ့လာခြင်းဖြင့် အမျိုးသားရေး နိုးကြားမှုအသိစိတ်ဓာတ်များ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)