မိုင်းယုမြို့၊ ဆမ်မိန်းကျေးရွာ၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

မိုင်းယု မတ် ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျောင်းသား ကျောင်းသူလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းကို ရက်သတ္တပတ်(၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိသည်။

အဆိုပါသင်တန်းကို ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ ဦးဆောင်သင်ကြားပြသပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၀)ဦးကို ယဉ်ကျေးလိမ္မာကလေးကဗျာများ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗုဒ္ဓဘာသာသင်ခန်းစာ (ပထမတန်း)များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ (ပထမတန်း)များ၊ အခြေခံယဉ်ကျေးမှု ဓမ္မလင်္ကာစာစုဘာသာရပ်များ၊ စသည့်အကြောင်းအရာများကို စုံလင်စွာဖြင့် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပေးနေလျက်ရှိသည်။

ယင်းသင်တန်းသည် ကျောင်းပိတ်ရက်နွေကာလတွင် ကျောင်းသား ကျောင်းသူလေးများ  အချိန်ကိုအကျိုးရှိစေရန်နှင့် လေလွှင့်နိုင်သည့်စိတ်ရိုင်းများကို စာပေနှင့်ထိတွေ့ကာ လူကြီးသူမ၊ ဆရာသမား၊ ဘိုးဘွား၊ မိဘများနှင့် မိတ်ဆွေအပေါ် ဖြူစင်ရိုးသား၊ စာရိတ္တမြင့်မားကာ ယဉ်ကျေးလိမ္မာကြသည့် သားကောင်းသမီးကောင်း ရတနာလေးများ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်