နေပြည်တော် မတ် ၂၃
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဂရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ လယ်ဝေးမြို့နယ် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံနှင့် ပျဉ်းမနား ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က ဂရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများကို ကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများက အဘိုး၊ အဘွားများအား ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကိုမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အထူးကုဆရာဝန်ကြီးများအား ဂုဏ်ပြုသစ်သီးခြင်းပေးအပ်ခြင်းနှင့် ဆေးကုသမှုခံယူနေသည့် အဘိုး၊ အဘွားများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ဒက္ခိဏသီရိမြို့နယ်၊ ပေါက်တောကျေးရွာ၊ အုန်းတောဘုန်းကြီးကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်စေရေးစေလိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အခြေခံပညာစာသင်ကျောင်းများပါမကျန် ရပ်ကွက်ကျေးရွာများအထိ ဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားပြီး မိမိမှစ၍ ကျေးရွာသူမိသားစုအားလုံးကို အသိပညာများ ဖြန့်ဝေပြောကြားပေးရန် မှာကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျန်းမာရေးမှတာဝန်ရှိသူများ၊ ဒက္ခိဏသီရိမြို့နယ်အုပ်ချုပ်ရေးမှူး၊ မိခင်နှင်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးကော်မတီဝင်များ၊ ကြက်ခြေနီ၊ မီးသတ်နှင့်ပရဟိတအဖွဲ့များက ပေါက်တောကျေးရွာအတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ နေပြည်တော်တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေဇင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းတင်ပြရာတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၊ စာသင်ကျောင်းများသည် သွေးလွန်တုပ်ကွေးရောဂါပြန့်ပွားစေနိုင်သော နေရာများဖြစ်သည့်အတွက် ပိုးလောက်လမ်း မပေါက်ပွားစေရန် အိမ်၊ လမ်း၊ ရေကန်၊ ကျောင်း စသည်တို့တွင် အမြဲမပြတ် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ(ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တက္ကသိုလ်ဝင်စာမေးပွဲကို စာမေးပွဲကြီးကြပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ပြီး ယမန်နေ့စာဖြေရက်နောက်ဆုံးနေ့တွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြပါရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)