ကျေးသီးမြို့တွင် စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျေးသီး မတ် ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာထွန်းက နွေရာသီကျောင်းပတ်ရက်တွင်  ကျောင်းသား/ကျောင်းသူများ စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန် ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေး စာဖတ်စွမ်းရည် မြှင့်မားလာစေရန် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ် စာစောင်များနှင့် တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှု လျော့ချရေးဆိုင်ရာ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းငင်း