သင်္ဃန်းကျွန်း မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ နေမင်းချိုက ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် စာရေးဆရာ နေမင်းချိုတို့က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားမှုကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များ၊ ကျောင်းသားမိဘများက စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းအောင် (ပြန်/ဆက်)