အမရပူရ မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီ အချိန်က အမရပူရမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ အဖွဲ့ဝင်များအား အလုပ်သမားရိက္ခာ ၃ မျိုး ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များကို နောက်ပိုင်းအလုပ်သမားရိက္ခာ ၃ မျိုးအား ခရိုင်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ကျော်သာဦး၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကျော်တေဇတို့က အဖွဲ့ဝင်များကို ဒီဇင်ဘာလမှ မတ်လအထိ ၄ လစာအတွက် ၂၄ ပြည်ဆန့် ဆန် အိတ် ၂၈၀ အိတ်၊ ဆီ ၃၁၇ ပိဿာနှင့် ဆား ၁၃၆ ပိဿာတို့ကို ပေးအပ်ခဲ့သည်။
အခမ်းအနားကို ခရိုင်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)