ကွန်ဟိန်းမြို့၌ မူလတန်းကြိုကျောင်း ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကွန်ဟိန်း မူလတန်းကြိုကျောင်း၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဟိတကာရီခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးငြိမ်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်နာယက ဦးနေအောင်က အမှာစကားပြောကြားခဲ့ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးရတနာအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ကျောင်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)