မဟာအောင်မြေ မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ နွေရာသီ အားလပ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ စာရိတ္တနှင့် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ အားကစားနည်းအလိုက် နည်းစနစ်များနှင့် ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ညနေပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့မှ သင်တန်းတက်ရောက်နေသော လူငယ်မောင်မယ်များအတွက် အချိုရည်ဘူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းက နွေရာသီ အားကစားသင်တန်းတက်ရောက်နေသော လူငယ်မောင်မယ်များအတွက် အချိုရည်ဘူးများ ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူများက အချိုရည်ဘူးများကို ပေးအပ်လှူဒါန်းရာ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများမှ လက်ခံရယူခဲ့သည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ဘောလုံး၊လက်ဝှေ့ (Boxing)၊ ရိုးရာလက်ဝှေ့၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒိုနှင့် ကရာတေးစသည့် အားကစားနည်း (၇)မျိုးကို သင်ကြားပေးလျက်ရှိရာ သင်တန်းသား/သင်တန်းသူ(၃၅၆)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အောင်ဇော်မင်း (ပြန်/ဆက်)