ချမ်းအေးသာစံ မတ် ၂၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက် တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိပြီး မတ်လ(၂၁)ရက်နေ့တွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်ကို ဖြေဆိုကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာ အထက် တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စာစစ်ဌာနများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများက စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ဆရာမများမှ ကျောင်းသား၊ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးမှု၊ ကျောင်းသား၊စာရေးကိရိယာများ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးနေမှုတို့အား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာမေးပွဲကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ချုပ်ထောက်ပံ့ကိစ္စများ ဆောင်ရွက်ပေးနေကြသူများကို အားပေးစကားများ ပြောကြားခဲ့သည်။
၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မန္တလေးတိုင်းဒေသကြီးအတွင်း စာစစစ်ဌာန (၈၉)ခု ဖွင့်လှစ်ထားပြီး ယနေ့သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်များကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုကြရာ သမိုင်းဘာသာရပ်၌ ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ (၁၂၀၆)ဦး၊ ဖြေဆိုသူ (၁၀၉၃)ဦး၊ ပျက်ကွက်(၁၁၃) ဦးရှိပြီး ဖြေဆိုမှု(၉၀.၆၃)ရာခိုင်နှုန်းရှိကြောင်း၊ ရူပဗေဒဘာသာရပ်၌ ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ (၃၄၂၉၄)ဦး၊ ဖြေဆိုသူ (၃၃၁၄၉)ဦး၊ ပျက်ကွက်(၁၁၄၅)ဦးရှိပြီး ဖြေဆိုမှု(၉၆.၆၆)ရာခိုင်နှုန်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)