ချမ်းအေးသာစံ မတ် ၂၂
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တောကျောင်းသင်တန်းဆရာများနှင့် သင်တန်းသားများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာလူသားအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ သာယာဝပြောရေးတို့အတွက် မရှိမဖြစ်အရေးပါသည့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် နှိုးဆော်သည့် အနေဖြင့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်း အနားကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်မှာ “Forests and Foods” သစ်တောများနှင့် စားရေရိက္ခာများ ဖြစ်ပါကြောင်း၊ လူသား ၅ ဘီလီယံကျော်က သစ်တောများမှ အစားအစာ၊ ဆေးဝါးနှင့် အသက်မွေးဝမ်းကြောင်းအတွက် အသုံးပြုလျက်ရှိပါကြောင်း၊ ခေတ်မီဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်းကျော် သည် အပူပိုင်းဒေသသစ်တောများမှ ရရှိပါကြောင်း၊ စားရေရိက္ခာအတွက် သစ်တောဂေဟစနစ် မြှင့်တင်ထိန်းသိမ်းရန်၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာကွယ်ရန်၊ ရာသီဥတု ပြောင်းလဲမှု လျော့ချနိုင်စေရန်နှင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းတိုးတက်လာစေရန်တို့အတွက် နိုင်ငံ တော်က နှစ်ရှည်စီမံကိန်းများ၊ စီမံချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်းနှင့် ရည်မှန်းချက်များ ပြည့်မီအောင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် အားလုံးကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် Video clip နှင့် ပြသထားသည့် ပိုစတာများကို ကြည့်ရှုအားပေးကာ တက်ရောက်လာသူများကို ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားကန်တော် ကြီးဥယျာဉ်သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေများနှင့် ဈေးကြီးမှထွက်ရှိမည့် စွန့်ပစ်ရေထွက်ကြောင်းများအတွက် လမ်းဖြတ်ရေမြောင်းတည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)