တောင်ကြီး မတ် ၂၂
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်င်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန် ကမ္ဘာနှင့်အဝန်း အမျိုးစားစုံလင်သည့် သစ်တောဂေဟစနစ်များ၏ အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်ရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နှစ်စဥ်မတ်လ (၂၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forests”အဖြစ် ၂၀၁၂ ခုနှစ်က စတင်သတ်မှတ်ပေးခဲ့ပါကြောင်း၊ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အခြေအနေများ တိုးတက်ကောင်းမွန်စေပြီး ရာသီဥတုအခြေအနေများမျှတ၍ စားရေရိက္ခာပိုမိုရရှိစေရေးနှင့် ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်များနှင့်အညီ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများတည်ထောင်ခြင်း၊ မြစ်ချောင်းများ ဘေးဝဲ၊ ယာတစ်လျှောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ အာဆီယံလမ်းမကြီးနှင့် ရထားလမ်းဘေး ဝဲ၊ ယာ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်ပင်သစ်တောကျဲပါးသည့် တောင်ကုန်း၊ တောင်ထိပ်များမှာ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း၊ ကျေးလက်နေပြည်သူများ၏ ထင်းလောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂)ဧက စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကျင်းပဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအစီအစဥ်တစ်ရပ်အနေဖြစ်သာ ကျင်းပခြင်းမဟုတ်ဘဲ နိုင်ငံသားများက သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများမှာ စိတ်အားထက်တန်စွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များမှ ရရှိသည့် အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ပြောကြားသွားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုပြသပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော နံရံကပ်ပိုစတာများ လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)