နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

လယ်ဝေး မတ် ၂၂

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထွန်း၊ မွေးကုဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ သရက်ခုံ(အနောက်)ရွာရှိ ဦးသိန်းစိုး၏ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းသို့ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းစိုးက နို့စားနွား ၂၄ ကောင်မွေးမြူထားရှိမှု၊ ဒိန်ချဉ်ထုတ်လုပ်နေမှုနှင့် နွားမွေးမြူရေးအတွက် နွားစာနေဗီယာမြက် စိုက်ပျိုး‌ထားရှိမှုများအားရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်ကနွားနို့မှ အရည်အသွေးမြင့်ထုတ်ကုန်များထုတ်လုပ်ကာ ဈေးကောင်းရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ရန်၊နွားစာအဖြစ်အသုံးပြုနိုင်မည့် သီးနှံမျိုးများကိုကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာမှုရှိစေရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ‌မွေးမြူရေးလုပ်ငန်းရှင် ဦးမောင်ဝင်း၏ နို့စားနွားမွေးမြူရေးလုပ်ငန်းအားသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည့်နည်းပညာများပူးပေါင်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)