ပုဗ္ဗသီရိ မတ် ၂၂
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းတို့ပူးပေါင်း၍ ပဉ္စမအကြိမ် စက္ခုအလင်းဒါနအဖြစ် နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ကြီးဌာနများမှဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိ ခွဲစိတ်ကုသပေးလျက်ရှိပါတယ်။
အဆိုပါ အခမဲ့ကုသပေးမှုအခြေအနေကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းထားပါတယ်ရှင်...
မေး - ဆေးရုံအုပ်ကြီးရဲ့ အမည်နဲ့ရာထူးကို မိတ်ဆက်ပေးပါအုန်းရှင့်
ဖြေ - ကျွန်မကတော့ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး ကုတင် (၅၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်သက်စိန် ဖြစ်ပါတယ်ရှင့်
မေး - မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေကိုလည်း ရှင်းပြပေးပါအုန်းရှင့်
ဖြေ - ကျွန်မတို့ ဆေးရုံမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာတွေကို အဓိကထား ကုသပေးနေပါတယ်၊ ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာဆိုရင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းကနေပြီးတော့ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုတွေကို အခမဲ့ခွဲစိတ်ဖို့လိုတယ်ဆိုရင်လည်း ခွဲစိတ်ကုသပေးပြီးတော့ အခြားရောဂါရှိပါကလည်း ကုသပေးဖို့လာရောက်ညှိနှိုင်းတဲ့အတွက် ကျွန်မတို့ဆေးရုံကြီးနဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းတို့ ပူးပေါင်းပြီးတော့မှ မျက်စိရောဂါဝေဒနာရှင်တွေကို ကုသပေးနေတာဖြစ်ပါတယ်၊ ယခုထိတော့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းမှ ရှာပေးထားတဲ့ လူနာပေါင်းနှစ်ထောင်ကျော်ရှိပါတယ်၊ မတ်လ ၂၀ ရက်နေ့အထိ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုအပါအဝင် ပြင်ပလူနာစုစုပေါင်း ၉၄၃ ဦးကို ကုသပေးပြီးဖြစ်ပါတယ်၊ အဲဒီထဲမှာ ခွဲစိတ်လူနာအနေနဲ့တော့ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအသင်းက ၃၇ ဦးနဲ့ ပြင်ပလူနာ ၆၀ ဦးကိုလည်း ခွဲစိတ်ကုသပေးပြီးလည်း ဖြစ်ပါတယ်၊ ပြင်ပလူနာတွေမှာလည်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းကနေ ထောက်ပံ့တဲ့ပစ္စည်းအချို့ကို ကျွန်မတို့ယူပြီးသုံးစွဲပေးခဲ့ပါတယ်၊ လူနာတွေအနေနဲ့လည်း ကျွန်မတို့ရဲ့ပြင်ပလူနာဗဟိုအနေနဲ့ လာရောက်ပြီးတော့ ကြည့်ရှုပြသရာကနေ နဂိုလည်းရှိပြီးသား ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီအသင်းအဖွဲ့ကြီးအနေနဲ့ကူညီပေးတဲ့ စုစည်းပေးလိုက်တဲ့သဘောပေါ့၊ ဝန်ထမ်းတွေအနေနဲ့လုပ်ငန်းနဲ့ တစ်ဘက်မို့လို့ပြသဖို့ ခက်ခဲနေတဲ့ ဝန်ထမ်းတွေရှိပါတယ်၊ သူတို့ရဲ့ မိသားစုဝင်တွေ ပြသချင်တာလည်းရှိတယ်၊ အချိန်မပေးနိုင်လို့ မပြနိုင်တဲ့အခါမှာ ယခုအသင်းအဖွဲ့ကနေပြီးတော့မှ ဒီလူတွေကိုစုစည်းပြီး လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဓိကတော့ဝန်ထမ်းနဲ့ သူတို့ရဲ့ မိသားစုအတွက်အဆင်ပြေသွားပါတယ်၊ ဆက်ပြီးတော့လည်း ပြသပေးလို့ ရပါတယ်။
မေး - ဆရာ့အမည်နဲ့ ရာထူးကို မိတ်ဆက်ပေးပါအုန်းရှင်။
ဖြေ - ကျွန်တော်ကတော့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ ဖြစ်ပါ တယ်။
မေး - ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့အနေနဲ့ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်များ ကို ပြောပြပေးပါအုန်း။
ဖြေ - နိုင်ငံတစ်ဝှမ်းမှာ နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုချင်တဲ့အနေနဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျွန်တော်တို့အသင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုတွေအပြင် နေပြည်တော်က ဒေသခံပြည်သူတွေကို မျက်စိအခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ယခုလိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ ယခုလိုဆောင်ရွက်ပေးရတဲ့အတွက် ကျွန်တော်တို့အသင်းကြီးအနေနဲ့ များစွာဝမ်းသာပီတိဖြစ်ရတဲ့အပြင် မျက်စိခွဲစိတ်ကုသပြီးတဲ့ မျက်စိဝေဒနာရှင်တွေရဲ့ ဝမ်းသာပီတိစကားသံတွေကိုကြားရတဲ့အတွက် အင်မတန်မှဝမ်းသာပီတိဖြစ်ရပါတယ်၊ ဒါ့အပြင် ကျွန်တော်တို့အဖွဲ့ကို ပူးပေါင်းကူညီပေးတဲ့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ လူနာတွေအတွက် အစားအသောက်တွေ နေ့စဉ်လာရောက် လှူဒါန်းပေးတဲ့အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
မေး - ဘယ်ကနေ လာရောက် ကုသတာလဲဆိုတာ မိတ်ဆက်ပေးပါအုန်း။
ဖြေ - ညီမကတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ထမ်းဆောင်နေတဲ့ မသူဇာသိန်း ဖြစ်ပါတယ်ရှင်
မေး - မျက်စိဝေဒနာလာရောက် ပြသရတဲ့ အကြောင်းအရင်းကိုလည်း ပြောပြပေးပါအုန်း၊
ဖြေ - ညီမအနေနဲ့ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲ စိတ်အထူးကုဆေးရုံကြီးမှာ မျက်စိလာရောက်ပြသတာဖြစ်ပါတယ်၊ မျက်စိလာရောက်ပြသတဲ့ အခါမှာလည်း တာဝန်ရှိသူတွေအနေနဲ့အားလုံးကို လိုလေသေးမရှိကူညီဆောင်ရွက်ပေးတဲ့အပြင် ညီမတို့လို ဝန်ထမ်းတွေတင်မဟုတ်ဘဲ ဒေသခံပြည်သူတွေကိုပါ အခမဲ့ခွဲစိတ်ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းတို့ပူးပေါင်း၍ မျက်စိဝေဒနာရှင် များအား ပဉ္စမအကြိမ် စက္ခုအလင်းဒါနအဖြစ် မျက်စိခွဲစိတ်ကုသပေးနေမှုအခြေအနေကို တွေ့ဆုံ မေးမြန်းဖော်ပြအပ်ပါသည်။
အောင်ကို(ပြန်/ဆက်)