ညောင်ရွှေမြို့၌ အာဟာရအသိပညာပေး (SSC)သင်တန်းဖွင့်လှစ်

ညောင်ရွှေ မတ် ၂၂

ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် အာဟာရအသိပညာပေး(SSC) သင်တန်းကို ယမန်နေ့ နေ့လည်(၁)နာရီက ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းတွင် ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသည့် ကလေးငယ်များအတွက် အာဟာရဖြည့်တင်းပေးခြင်း၊ ကလေးသူငယ်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊   ဒုတိယဦးစီးမှူး ဒေါ်နော်အေးအေးမြက မေမေတို့အတွက်စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု၊ မီးဖွားရန်ပြင်ဆင်ခြင်း၊ မိသားစုထမင်းဝိုင်းတွင်အာဟာရပါဝင်နှုန်းမြှင့်တင်ခြင်း အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ အာဟာရအသိပညာပေး(SSC)သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စုစုပေါင်းသင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ