နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်

နေပြည်တော် မတ် ၂၂

နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပဉ္စမအကြိမ် စက္ခုအလင်းဒါနအဖြစ် နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၌ ကျင်းပရာ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မျက်စိဝေဒနာရှင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းကို မတ်လ ၁၇ ရက်နေ့မှစတင်၍ ၂၄ ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ပြီး မတ်လ ၂၀ ရက်နေ့အထိ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအပါအဝင် အခြားပြင်ပလူနာ စုစုပေါင်း ၉၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်သက်စိန်ထံမှ သိရသည်။

အောင်ကို(ပြန်/ဆက်)