သာစည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲပြုလုပ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအားသင်တန်းပို့ချခြင်းကို မတ် ၂၀ ရက်နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဦးစွာ အသိပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က အမှာစကားပြောကြးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံအောင်က ငှက်ဖျားရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ အသိပေးဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများက ကာကွယ်ဆေးကွင်းဆင်းတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ တွေ့ကြုံရမည့်အခြေအနေများကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ ငှက်ဖျားရောဂါကာကွယ်ဆေးကို သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများဖြစ်သည့် ပြည်ညောင် (ကား) ၊ ပြည်ညောင် (မီးရထား) နှင့်ရေပူကျေးရွာတို့တွင် အသက် ၁၀ နှစ်မှ ၅၀ အတွင်းရှိပြည်သူများအား အဖွဲ့ ၂၀ ဖြင့်မတ် ၂၁ ရက်နေ့မှစတင်တိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရပြီး အဆိုပါဆေးမှာ တစ်လလျှင်တစ်ကြိမ်ဖြင့် သုံးလဆက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်းသိရပြီး ဆွေးနွေးပွဲအပြီးတွင် အခြေခံကျန်းမာရေဝန်ထမ်းများအား ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်သော သင်တန်းကို ဆက်လက်ပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)