ဟိုပုံးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ဟိုပုံး မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ရာသီအလိုက် ရှေးရိုးရာ အစဉ်အလာမပျက် ကျင်းပသည့် ပွဲတော်များရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများနှင့်အတူ ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းတာဝန်ပေးမှုအခြေအနေ၊ မဟာသင်္ကြန်မဏ္ဍပ်ဆောက်လုပ်မည့် အခြေအနေ၊ လျှပ်စစ်မီး၊ ရေရရှိအောင်စီမံဆောင်ရွက်မည့် အခြေအနေများ၊ ဘဏ္ဍာငွေရရှိသုံးစွဲမည့်အခြေအနေများနှင့် ယိမ်းအကအလှများဖျော်ဖြေမှု အခြေအနေများတို့ကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)